အမည် – ဦးကျော်ကျော်နိုင်

 

 

⭐️TIME STUDY Japanese Language Education Center ၏ စတင်မြစ်ဖျားခံရာ TIME STUDY Magazine ၏ အယ်ဒီတာချုပ်၊ ကလောင်အမည် ကမာနီလာ ဖြစ်ပါသည်။ ⭐️ ဂျပန်စာလေ့လာနေကြသောကျောင်းသား၊ ကျောင်းသူများအတွက် ဂျပန်စာသာမက ဂျပန်လူမျိုးတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စသည်တို့ကိုပါ လေ့လာသိရှိနိုင်ကြစေရန် ဂျပန်နိုင်ငံယဉ်ကျေးမှု၊ သမိုင်းနှင့် သိမှတ်ဖွယ်ရာဗဟုသုတ အဖြာဖြာကို ဂျပန်နိုင်ငံတွင် ၁၈ နှစ်ခန့် နေထိုင်ခဲ့သောအတွေ့အကြုံများမှအခြေခံ၍ လမ်းညွှန်ရေးသားပေးသွားမည် ဖြစ်ပါသည်။



 Japanese Culture (1) 

 

ဆာကုရပန်းတို့ ပွင့်ကြပြီ 🌸🌸🌸

 

 

          မြန်မာလူမျိုးတွေက ပိတောက်ကို အသည်းစွဲ ချစ်ကြသလို ဂျပန်လူမျိုးတွေအတွက်လည်း Sakura ပန်းဟာ နှလုံးဘဝင်ကို စွဲငြိစေတဲ့ ပန်းအဖြစ်ရှိနေခဲ့ပါတယ်။ ဂျပန်ရဲ့ ဆကုရ၊ဖူဂျီတောင်ဆိုရင် နိုင်ငံတကာကပါ သိကြပြီး နာမည်ကြီးကြလှပါတယ်။ မတ်လကုန်နဲ့ ဧပြီလဆန်းပိုင်းတွေဟာ ဂျပန်တစ်နိုင်ငံလုံး ဆကုရပန်းတွေနဲ့ အုံးအုံးကြွကြွ သူ့ထက်ငါအပြိုင် အလုအယက် ပွင့်နေကြတာဟာ မြင်ရသူ ရင်သပ်ရှုမောရတဲ့အထိအောင် ဖြစ်ကြရသည်မဟုတ်ပါလား။
ဆကုရပန်းနှင့် ပတ်သက်လို့ မတ်လထုတ် TIME STUDY မဂ္ဂဇင်းမှာ ကျွန်တော့်ရဲ့ ဓာတ်ပုံရိုက်တဲ့ ကလောင်အမည် ဆာဆိုရီနဲ့ ရေးသားပေးထားတာမို့ အများကြီးချရေးမပြတော့ပါဘူး။ခုရေးပြချင်တဲ့ အကြောင်းအရာက စာအုပ်ထဲမှာ စာမျက်နှာအခက်အခဲကြောင့် ချရေးမပြလိုက်တဲ့ အကြောင်းအရာလေးကို ရေးပြသွားပေးပါ့မယ်။ (မတ်လထုတ် မဂ္ဂဇင်းကို ဖတ်သည့်သူများအတွက်တော့ ပိုမိုသိရှိနားလည်သွားနိုင်မည်ထင်ပါတယ်။)
ဂျပန်လူမျိုးတွေဟာ သူတို့မြတ်နိုးနှစ်သက်တဲ့အရာတွေကို တန်ဖိုးထားအလေးထားပြီး ထိမ်းသိမ်းစောင့်ရှောက်ကြတဲ့ ကောင်းမွန်တဲ့အကျင့်ကြောင့် ဆာကုရ ပန်းတွေကိုလည်း မြစ်ချောင်းနှင့် ပန်းခြံတွေမှာ စနစ်တကျနဲ့ကို စိုက်ပျိုးထားတတ်ကြပါတယ်။ ဆာကုရပန်းတွေ ပွင့်တဲ့ရာသီရောက်ပြီဆိုရင်ဖြင့်  စိုက်ပျိုးထားတဲ့ အပင်တွေကနေ ပင်လုံးကျွတ်ပွင့်နေတာ မြင်ရမှာဖြစ်ပြီး ဆာကုရ ပန်းပင်တွေအောက် ချစ်သူခင်သူမိတ်ဆွေ အပေါင်းအသင်းများ၊ မိသားစုများနှင့်  ဆာကုရအပင်များအောက်မှာ ဝိုင်းဖွဲ့လို့ ပန်းကြည့်ရင်း သောက်ကြစားကြနဲ့ ဟနမိလို့ခေါ်တဲ့ ပန်းကြည့်ပွဲကို လုပ်ဆောင်ကြပါတယ်။
ဆာကုရပန်းကြည့်တဲ့နာမည်ကြီးနေရာတွေ တော်တော်များများရှိကြပါတယ်။ အဲဒီအထဲကမှ တိုကျိုမြို့၊ ချိယိုဒအရပ်မှာရှိတဲ့ သူရဲကောင်းဗိမာန် ယစုခုနိနတ်ဘုရားကျောင်း (Yasukuni Shrine) ဆိုတာ ဆာကုရပန်းပွင့်ချိန်တွေမှာ အထင်ကရရှိတဲ့နေရာတစ်ခုအဖြစ် ရှိနေခဲ့ပြီး ဘုရားကျောင်းဝင်းထဲမှာ ရှိနေတဲ့ ဆာကုရအပင်တစ်ပင်ဟာ တိုကျိုမှာ ဆာကုရပန်းတွေ ပွင့်ပြီဆိုတာကို အသိအမှတ်ပြုဖို့ စိုက်ပျိုးထားတဲ့ တစ်ပင်တည်းသော အပင်တစ်ပင်ရှိနေလို့ပါပဲ။
အပင်ရဲ့ အောက်ခြေမှာ စာတမ်းရေးထိုးတာကတော့
 ” စံနမူနာပြုချယ်ရီပင်
ဤချယ်ရီပင်သည် တိုကျိုမြို့မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ချယ်ရီပန်းပွင့်ကြောင်းကို ခန့်မှန်းထုတ်ပြန်ပေးရန်အတွက်  သတ်မှတ်ထားထားသော စံနမူနာပြု ချယ်ရီပင်ဖြစ်တယ်။
ယာစုခုနိနတ်ဘုရားကျောင်းအဖွဲ့ လို့ ရေးသားထားပါတယ်။ စံနမူနာပြုချယ်ရီပင်ဟာ စိုမဲအီ ယိုရှိနို ( Somei Yoshino染井吉野) အမျိုးအစား ချယ်ရီပင်ဖြစ်ပြီး တစ်ခိုင်မှာ ငါးပွင့်ပွင့်ပြီဆိုမှတိုကျိုမှာ ဆကုရပန်းပွင့်တယ်လို့  အသိအမှတ်ပြု ပါတယ်။ ၂၀၁၇ခုနှစ်၊ မတ်လ၊၂၂ ရက်နေ့က အပင်မှာ ငါးပွင့်ပွင့်ပြီဖြစ်လို့ တိုကျိုမှာ ဆာကုရပန်းတွေ ပွင့်ပြီလို့ အသိအမှတ်ပြု သတ်မှတ်လိုက်ပါတယ်။
Somei Yoshino染井吉野) ဆာကုရပန်းဆိုတာ ယော်ရှိနော်တောင်ပေါ်က ပွင့်တဲ့ ပန်းတွေနဲ့ နာမည်ကြီးတဲ့နေရာတစ်ခုပါ။ ဆိုမဲ ရွာက စိုက်ပျိုးရေးသမားတစ်ဦးက မျိုးစပ်ပြီး စိုက်ပျိုးရာမှစလို့ ဆိုမဲယော်ရှိနော် လို့ အမည်သညာတွင်လာပြီး လှပတဲ့ ဆကုရာပန်းဖြစ်တာကြောင့် လူသိများနာမည်ကြီးလာခဲ့ပါတယ်။ ၁၉ ၉ ဝခုနှစ်မှာ ဆိုမဲယောရှိနော် ကို ပန်းပညာရှင်အဖွဲ့အစည်းမှ တရားဝင်အမည်သတ်မှတ်ပေးခဲ့တာဖြစ်ပေမယ့် ဒီပန်းအခေါ်ဝေါ်နဲ့ ပန်းအမျိုးအစားကတော့ မေဂျီခေတ်ကတည်းက ရှိနေခဲ့တာကိုတော့ အမှတ်မမှားကြဖို့လိုပါလိမ့်မယ်။
ဆကုရပန်းမှာ မျိုးရင်း ၉  မျိုးရှိပြီး မျိုးကွဲပေါင်း ၁၀၀ ခန့်လောက်ရှိပါတယ်။ မူလမျိုးရင်းများမှနေ(ရွေ့) လူတို့နည်းပညာဖြင့် မျိုးစပ်စိုက်ပျိုးထားသော ဥပမာ Yamazakura 山桜နှင့် စိုမဲအီ ယိုရှိနို ( Somei Yoshino染井吉野)၊ကဲ့သို့သော ပန်းမျိုးစိတ်များကိုပါ ပေါင်းစပ်ရေတွက်လိုက်မည်ဆိုပါလ ျှင် စုစုပေါင်း ၆၀၀ ခန့်လောက်ရှိပါတယ်။ ဂျပန်နိုင်ငံတွင် အကျော်ကြားဆုံး ဆကုရပန်းအမျိုးအစား လေးမျိုး ရှိပါတယ်။
စိုမဲအီ ယိုရှိနို ( Somei Yoshino染井吉野)၊
ရှိဒရေးဇကုရ (shidarezakura枝垂桜)
ယအဲဇကုရ (yaezakura 八重桜)
ခန်းဇကုရ (Kan Zakura 寒桜)
တို့ပဲဖြစ်ပါသည်။
ဂျပန်တစ်နိုင်ငံလုံးတွင် ပွင့်ကြသည့် ဆာကူရာပန်းများထဲမှ(၈)ရာခိုင်နှုန်းခန့်မှာ စိုမဲအီ ယိုရှိနိုဆကုရ အမျိုးအစားဖြစ်ပြီး အဓိကပန်းမျိုးနွယ်ဖြစ်ပါတယ်။
ဆာကုရပန်းနှင့်ပတ်သက်လို့ ရေးမည်ဆိုပါက ရေးလို့ကုန်မည်မထင်ပါဘူး။ မတ်လ ၂၂ ၇က်နေ့က ယစုခုနိ နတ်ဘုရားကျောင်းမှာ သတင်းရယူမှတ်တမ်းတင်ခဲ့တဲ့  ဓာတ်ပုံအနည်းငယ်ကို တင်ပေးလိုက်ပါတယ်။ ယစုခုနိ နတ်ဘုရားကျောင်းအတွင်းမှာသာရိုက်ကူးခဲ့တဲ့ ပုံတစ်ချို့သာ တင်ပေးလိုက်သာဖြစ်ပြီး ဆာကုရမှတ်တမ်း(၁) ကို TIME STUDY မဂ္ဂဇင်းရဲ့ ကာဗာစတိုရီမှာဖတ်ရှုနိုင်ပြီး။ ယခုစာကိုတော့ ဆာကုရ မှတ်တမ်း(၂) အဖြစ် သတ်မှတ်ပြီး ပြင်ပတွေမှာ ရိုက်ကူးတဲ့ ဆာကူရပန်းတွေကိုတော့ တင်ပေးဖြစ်မယ်ဆိုရင် ဆာကုရ မှတ်တမ်း (၃ )အနေနဲ့ တင်ပေးသွားမည်ဖြစ်ပါကြောင်း။
ယာစုခုနိ နတ်ဘုရားကျောင်းနှင့် ပတ်သက်သည့် ရေးထားသည့်ဆောင်းပါးဖတ်ချင်ရင်တော့ ဒီအောက်ကလင့်မှာ ဖတ်ရှုနိုင်ပါတယ်။
”သူတို့ ဘက်ကကြည့်တော့ , သူရဲကောင်း နတ်ဘုရားကျောင်း”
ကမာနီလာ( ဆာဆိုရီ)