N1 သင်ကြားရေး

               N1 သည် ဂျပန်စာလေ့လာသူများအတွက် အမြင့်ဆုံးအဆင့်ဖြစ်ပြီး တော်ရုံကြိုးစားအားထုတ်ရုံမျှနှင့်မအောင်မြင်နိုင်သော စာမေးပွဲတစ်ခုဖြစ်ပါသည်။ အထူးသဖြင့် N2 အထိ အခြေခံမကောင်းခဲ့ပါလျှင် လေ့လာရာတွင်ပိုမို၍ အခက်အခဲတွေ့နိုင်သောကြောင့် N2 မှာကတည်းက အခြေခံအုတ်မြစ်ကို သေချာစွာချသင့်ပါသည်။N1 တွင် N2 ကဲ့သို့ပင် Reading ဖတ်စာနှင့်ပတ်သက်သည့်မေးခွန်းများကို အထူးပြု၍မေးထားသည်ကိုတွေ့ရမည်ဖြစ်ပါသည်။ Listening နားထောင်ရာမှာလည်း လုပ်ငန်းခွင်သုံးစကားလုံးများ၊ ရှည်လျားသောအကြောင်းအရာများထဲမှ အဖြေမှန်ကို လျှပ်တပြက်ဖမ်းဆုပ်ရခြင်းစသည်ဖြင့် ခက်ခဲသောမေးခွန်းများကို ဖြေဆိုကြရမည်ဖြစ်ပါသည်။
TIME STUDY သည် N1 ဖြေဆိုကြမည့်သူများအတွက် N2 Level မှာကတည်းကပင်သေချာစွာ အခြေခံခိုင်မာမှုရှိအောင် လေ့ကျင့်သင်ကြားပေးလိုက်မည်ဖြစ်ပြီး ထိုမှတဆင့် N1 Level ရောက်လျှင် အခက်အခဲမရှိအရှိန်မြှင့်ပြီးဆက်လက်သင်ယူလေ့လာနိုင်စွမ်းရှိအောင် လေ့ကျင့်ပေးသွားမည်ဖြစ်ပါသည်။
ပြီးစီးသွားသည့် သင်ခန်းစာအလိုက် စာမေးပွဲများစစ်ခြင်း၊ JLPT စာမေးပွဲအတွက် မေးခွန်းဟောင်းများလေ့ကျင့်သင်ကြားပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးပါသည်။
  • သင်ကြားရေးစာအုပ်များမှာ နမူနာအဖြစ်တင်ထားပေးခြင်းသာ ဖြစ်ပါသည်။
  •    အပြောင်းအလဲရှိပါသည်။

N1 သင်ကြားရေးကဏ္ဍ

⭐️N3, N2, N1 အတွက် စာပိုဒ်အရှည်ဖြေနည်း⭐️
ကျောင်းသားအများစုကြောက်ကြပြီး အမှတ်ပိုရသော စာပိုဒ်အရှည်ဖတ်နည်းကို မျှဝေပေးလိုပါသည်။ ရေးရန်အချိန်မရ၍ အခုမှတင်ပေးလိုက်နိုင်သောကြောင့်အားနာမိပါသည်။
ကျွန်မဂျပန်မှာကျောင်းတက်ခဲ့စဉ်က N1 သင်ပေးခဲ့သော ဆရာခိုးဆူအိ၏ သင်ပြပေးချက်များဖြစ်ပါသည်။
⭐️စာပိုဒ်ဖတ်တော့မည်ဆိုလျှင် နှစ်ခါဖတ်မည်ဟု ရည်ရွယ်ပြီးဖတ်ပါ⭐️
⭐️ပထမအကြိမ် (အကြမ်းဖျင်းဖတ်ပါ။ အသေးစိတ်ဖတ်စရာမလိုသေးပါ) ထိုသို့ဖတ်လိုက်ချိန်တွင်
(၁)  စာပိုဒ်ဘယ်နှစ်ပိုဒ်ခွဲထားသလဲဆိုတာကြည့်ပါမည်။
(၂)  ထပ်ခါထပ်ခါထွက်ပေါ်နေသော စကားလုံးကိုရှာပါမည်။( ရေးသားဖော်ပြထားသည့် အကြိမ်အရေအတွက်အများဆုံးက Key Word ဖြစ်နေတတ်ပါသည်)
(၃) ဘယ်စာပိုဒ်မှာ နိဂုံးချုပ်ကိုရေးထားသလဲဆိုတာကို ရှာတွေ့အောင်လုပ်ပါ။
「このように」「要(よう)すると」「つまり」စသည့် စကားလုံးများရဲ့အနောက်မှာ နိဂုံးချုပ်ကိုပြောတာများပါသည်။
(၄)  ခေါင်းစဉ် (ပြောလိုတဲ့ခေါင်းစဉ်) ကဘာလဲဆိုတာကို အကြမ်းဖျင်းအားဖြင့်သိထားရအောင်ခန့်မှန်းပါ။
(မသိတဲ့ စကားလုံးတွေရှိလဲ စိတ်ထဲမထားဘဲ ဆက်သာဖတ်ပါ)
⭐️ဒုတိယအကြိမ် (မေးခွန်းတွေကိုဖြေရင်းနှင့်စာပိုဒ်တွေကိုဖ
တ်ပါ)
(၁) ပထမဆုံးမေးခွန်းကိုအရင်ဖတ်ပြီး ဘာကိုမေးထားသလဲဆိုတာကို သဘောပေါက်နားလည်အောင်လုပ်ပါမယ်။
(၂) ပေးထားတဲ့အဖြေလေးခုလုံးကိုအကြမ်းဖျင်းဖတ်ထားပါမယ်။
(၃) မေးခွန်းနှင့်ပတ်သက်မှုရှိတဲ့ပုံပေါ်တဲ့အစိတ်အပိုင်းတွေကို အထူးသတိပြုရင်းနှင့် ဖတ်ပါ။ အဖြေကိုဖြေသွားပါ။
(၄) နောက်ထပ်မေးခွန်းတွေကိုလဲ (၁) (၂) (၃) ဆိုပြီး အဓိကပွိုင့် တွေနှင့် ဖြေသွားပါ။
(၅) ဖြေတဲ့အခါမှာ လုံးဝမဖြစ်နိုင်ဘူးလို့ ခံစားမိတဲ့စာကြောင်းက်ု ပြတ်ပြတ်သားသားကြက်ခြေခတ်ခြစ်ပါ။ဇဝေဇဝါဖြစ်တဲ့စာကြောင်းတွေကိုပြန်နှိုင်းယှဉ်ပြီး အဖြေရှာတဲ့အခါ ကြက်ခြေခတ်ခြစ်ထားတာတွေက်ု ခေါင်းထဲကဖယ်ထုတ်ပြီးစဉ်းစားမယ်ဆိုရင် ပိုအဆင်ပြေလို့ပါ။
⭐️ ခဲတံနှင့် အမှတ်အသားတွေလုပ်လိုက်၊ မှတ်စုကိုရေးလိုက်လုပ်ပြီး အထဲမှာပါတဲ့အချက်အလက်တွေကို သဘောပေါက်နားလည်စေမယ့် နည်းလမ်း
(၁) Key Word တွေကို ဝိုင်းပါ။ (များသောအားဖြင့် Noun ဖြစ်သော်လည်း Verb ဖြစ်တဲ့အခါတွေလဲရှိပါသည်)
Key Word တွေက ဘယ်နှစ်ခုမှန်းမသိတဲ့ အခြေအနေမှာတော့ အရေးအကြီးဆုံး Key Word ကို နှစ်ထပ်ဝိုင်းပြီး တခြားဟာတွေကို တစ်ထပ်သာဝိုင်းပါ။
(၂) နားမလည်နိုင်တဲ့ဝါကျကို အောက်လိုင်းတားပြီး (? )လုပ်ထားပါ။ (နောက်မှနောက်တစ်ခေါက်ပြန်ဖတ်ဖို့အတွက်ဖြစ်ပါတယ်)
(၃) စာပိုဒ်တိုင်းမှာ Point တွေကိုလွယ်ကူတဲ့အချက်လေးတွေအဖြစ် ဘေးဘက်မှာမှတ်စုရေးပါ။
(၄) အရေးကြီးတယ်လို့ ထင်ရတဲ့ဝါကျ (Key Sentence) တွေကို အောက်လိုင်းအတွန့်တားပါ။
(၅) ပါဝင်တဲ့ဇာတ်ကောင်တွေကို လေးဒေါင့်ကွင်းခတ်ပါ။
(၆) ညွှန်ပြတဲ့စကားလုံးတွေ (ဥပမာ – これ、それ) နှင့် နာမ်စားစကားလုံးတွေကို ဘယ်အရာတွေကိုညွှန်းဆိုထားသလဲဆိုတာ မြှားထိုးပါ။
(၇) 「      」ရဲ့ အစိတ်အပိုင်းက ဘယ်သူကပြောသလဲဆိုတာ ကို မှတ်စုရေးထားပါမယ်။
(၈) 接続詞 (စကားဆက်) တွေကို တြိဂံပုံစံနှင့် အမှတ်အသားလုပ်ပါ။
(အမှတ်အသားလုပ်တာကတော့ ဘာပဲဖြစ်ဖြစ်ရပေမယ့် နောက်ကိုယ်ပြန်ကြည့်တဲ့အခါ နားလည်လွယ်မယ့်ဟာမျိုးတွေနှင့်အမှတ်အသားလုပ်ပါ)
⭐️အချိန်မရတော့တဲ့အခါမှာ မြန်မြန်ဖတ်နိုင်မယ့် နည်းလမ်း
(၁) စာပိုဒ်ထဲမှာပါလေ့ရှိသည့် (注 1, 注2) စသည့် အဓိပ္ပာယ်ပြန်လည်ရှင်းပြသည့် စကားလုံးများနှင့် မေးခွန်းကိုအရင်ဖတ်ပါ။
(ထိုစကားလုံးများရဲ့အဓိပ္ပာယ်ကို သိထားမည်ဆိုပါက စိတ်အေးရတဲ့ခံစားချက်မျိုးရှိလာမှာဖြစ်တဲ့အပြင် Hint အနေနှင့်ဖြစ်လာတာမျိုးလည်းရှိပါတယ်။
(၂) စာပိုဒ်အရှည်ကို မဖတ်ခင်မှာ မေးခွန်းတွေအားလုံးကို အကြမ်းဖျင်းဖတ်ထားပါ။ မေးခွန်းတွေဖြေမယ်လို့တော့ မတွေးထားပါနဲ့ဦး။
(သည်နေရာမှာ တစ်ခုထပ်ဖြည့်ပြောချင်တာကတော့ စာပိုဒ်ရှည်ရဲ့ ပထမဆုံးတစ်ကြောင်းလောက်ကို ရင်းနှီးမှုယူတဲ့အနေနှင့် ဖတ်ပြီးဘာအကြောင်းအရာကိုရေးထားတာမျိုးလဲလို့ အကြမ်းဖျဉ်းလောက်သိပြီးမှ မေးခွန်းကိုဖတ်တာက ပိုပြီးဖြေရလွယ်ကူစေပါတယ်)
သည်လိုဆိုရင် အခုရှင်းပြခဲ့တဲ့ ပုံစံမျိုးတွေနှင့် စာပိုဒ်ရှည်အပေါ်မှာ ဘယ်လို ရေးမှတ်ကြမလဲဆိုတာကို ပုံနှင့်တကွနားလည်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
စာမေးပွဲမဖြေခင် ဖတ်စာဖတ်ရာမှာ အခုရှင်းပြတဲ့အတိုင်းဖြစ်စေ၊ မိမိမှတ်ရလွယ်ကူမယ့် အမှတ်အသားလုပ်ပုံလုပ်နည်းလေးတွေနှင့် အစားထိုး၍ဖြစ်စေ ဖြေဆိုလေ့ကျင့်ကြည့်ထားကြမယ်ဆိုရင် နည်းစနစ်မရှိဘဲ ကြုံသလိုဖတ်ပြီးဖြေတာထက်စာရင်တော့ မကုန်သင့်တဲ့အချိန်တွေကို မကုန်စေဖို့နဲ့၊  ပိုပြီးတော့အဖြေမှန်ကိုရွေးချယ်နိုင်ကြမယ့် နည်းလမ်းလေးတွေကို ရနိုင်လိမ့်မယ်လို့ထင်ပါတယ်။
ကိုးကား : 日本語総まとめ N1 読解
JLPT ဖြေဆိုကြမယ့် ကျောင်းသား၊ ကျောင်းသူများဖတ်စာသင်ခန်းစာကိုအခက်အခဲမရှိဖြေဆိုအောင်မြင်နိုင်ကြပါစေ။
Mioka Ei Ei Chaw