BUSINESS Manner Course

🏆လုပ်ငန်းခွင်သုံး ဂျပန်စကားပြောနှင့် Business Manner   Course 🏆 

       

မြန်မာနိုင်ငံရှိ ဂျပန်ကုမ္ပဏီများမှာအလုပ်ဝင်လိုသူများအတွက် မသိမဖြစ်သိထားသင့်သည့်ဂျပန်လုပ်ငန်းခွင် Manner များနှင့် လက်တွေ့အသုံးချစကားပြောများကို ဂျပန်ဆရာမှသင်ကြားပေးသည့် သင်တန်းဖြစ်ပါသည်။


သင်ကြားပေးမည့်ဘာသာရပ်များမှာ


🏆အင်တာဗျူး Manner နှင့် စကားပြောမှစတင်၍ လုပ်ငန်းခွင်ဝင်ရောက်ရာတွင် အခက်အခဲမရှိပြောဆိုဆက်သွယ်လုပ်ကိုင်နိုင်ရန်နှင့် လုပ်ငန်းခွင် Manner များကိုပါ တစ်ဦးချင်းလေ့ကျင့်သင်ကြားပေးခြင်း။

 

 

🏆ယဉ်ကျေးအသုံးအနှုန်းများကို ကောင်းမွန်စွာအသုံးပြုနိုင်ရန်၊ ဂျပန်လူမျိုးများနှင့်စကားပြောရာမှာ မပြောရဲသူ၊ ပြောမထွက်သူများအတွက်ပြောနိုင်စေရန်နှင့်ဂျပန်လုပ်ငန်းခွင်အတွင်းမှ ဆောင်ရန်ရှောင်ရန်များသိသင့်သိထိုက်သည်များကိုသင်ကြားပြသပေးခြင်း။

🏆ဂျပန်ကုမ္ပဏီတွင်အလုပ်ဝင်မည့်သူများအတွက် ဘာတွေပြင်ဆင်ရမလဲ၊ ဘာတွေလေ့လာရမလဲ၊ ဘာတွေသိထားရမလဲ၊ ဘာတွေလေ့ကျင့်ထားရမလဲဟု တမေးထဲမေးနေကြသူများအတွက် အထောက်အကူပြုသင်တန်းဖြစ်ပါသည်။

 

 

⭐️ဂျပန်ကုမ္ပဏီမှာ လစာကောင်းကောင်းနှင့်အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့၊ လုပ်ငန်းခွင်အောင်မြင်မှုများရနိုင်ဖို့နှင့်

ဂျပန်လုပ်ငန်းခွင်များမှာ လိုအပ်နေသော ဝန်ထမ်းလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ဖို့ရန်ရည်ရွယ်၍ ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါသည်။

ဂျပန်လူမျိုးတို့၏ MANNER (3)

                              ဂျပန်လူမျိုးတို့၏ Manner နှင့်ပတ်သက်၍ ယခုတစ်ပတ် ကျွန်မရေးသားလိုသည်မှာ ဂျပန်ကုမ္ပဏီများ အလုပ်ခွင်များနှင့်ဧည့်သည်ကိုဝန်ဆောင်မှုပေးသည့်နေရာလိုမျိုးတွင် လက်နောက်ပစ်၍ရပ်သင့် မရပ်သင့် ဟူသောအကြောင်းပဲဖြစ်ပါသည်။ရှင်းလင်းရေးသားထားသည်များကိုမှီငြမ်းကိုးကား၍ရေးရမည်ဆိုပါလျှင် ဝန်ဆောင်မှုပေးရသည့်အလုပ်လိုနေရာမျိုးတွင်လက်နောက်ပစ်၍ရပ်နေခြင်းကြောင့် ဧည့်သည်အနေဖြင့်စိတ်ပညာရှုဒေါင့်မှပြောရမည်ဆိုပါက စိတ်မလုံခြုံခြင်းကိုခံစားနိုင်ရဖွယ်ရှိသည်ဟုဆိုပါသည်။ အဘယ်ကြောင့်ဆိုသော် အရှေ့တည့်တည့်မှကြည့်မည်ဆိုပါလျှင် မမြင်နိုင်သောနောက်ကျောဘက်တွင်ရှိနေသောလက်အစုံထဲတွင် တစုံတရာ အန္တရာယ်ပြုနိုင်မည့် လက်နက်တစ်ခုခုကို ကိုင်ဆောင်ထားလေမည်လားဟူသော စိုးရွိ့စိတ်သည် ဧည့်သည်အတွက်မလိုလားအပ်သော …စိတ်အနှောင့်အယှက်ကိုဖြစ်စေနိုင်သောကြောင့် အကောင်းဆုံးအနေအထားမှာ လက်နှစ်ဘက်ကို အရှေ့ဘက်တွင်ထားရှိခြင်းသာဖြစ်သည်။ 
                    ထိုသို့ထားလိုက်လျှင် မိမိလက်များအား …ဧည့်သည်ကိုပြသရာရောက်နေသောကြောင့် တစ်နည်းအားဖြင့် စိတ်ချလက်ချဖြစ်စေနိုင်ပါသည်။ထို့ကြောင့်ဂျပန်လူမျိုးတို့၏ Business Manner အရ လက်နောက်ပစ်ရပ်၍ဧည့်သည်ကိုဝန်ဆောင်မှုပေးခြင်းသည် မှားယွင်းသော Manner ဖြစ်သည်ဟုဆိုပါသည်။နောက်တစ်ခုမှာ လက်ကိုနောက်ပစ်လိုက်ခြင်းအားဖြင့် ရင်သည်ပို၍မြင့်သွား၏။ ဝမ်းဗိုက်ပိုင်းနေရာတွင်လစ်ဟာသွားသောကြောင့် မိမိ၏ အသွင်သည် မာန်ရှိနေသည့်ဟန်ပေါ်နေသည်ဟုဆိုပါသည်။မြန်မာနိုင်ငံနှင့်ဆိုလျှင်ဆန့်ကျင်ဘက်ဖြစ်နေလိမ့်မည်ထင်ပါသည်။ သည်မှာကတော့ မိမိအလုပ်ရှင်နှင့်စကားပြောသည့်အခါရိုကျိုးစွာအမိန့်နာခံသည့်အသွင်ပေါ်အောင် လက်ကလေးနောက်ပစ်၍ ရံဖန်ရံခါမှာခါးလေးကိုင်းခေါင်းလေးမညွှတ်တညွှတ်နှင့်နားထောင်ရင်းဖြစ်စေ စကားပြောရင်းဖြစ်စေ တခါတရံ ထိုအပြုအမူမျိုးကိုတွေ့ရတတ်ပါသည်။ စားသောက်ဆိုင်စသည့်နေရာအချို့မှာလည်းတခါတခါ ထိုကဲ့သို့သော အပြူအမူမျိုးနှင့်ရပ်နေတတ်ကြသည်ကိုမြင်ရတတ်ပါသည်။(မြန်မာနိုင်ငံမှာအဆင်ပြေသော်လည်းဂျပန်မှာဆိုလျှင်တော့ သတိထားရမည်ဖြစ်ပါသည်။)
                     ထို့ကြောင့်ဂျပန်ကုမ္ပဏီများ အလုပ်ခွင်များတွင်မိမိအထက်လူကြီးနှင့်စကားပြောသည့်အခါမှာဖြစ်စေ အမှုမဲ့အမှတ်မဲ့လက်နောက်ပစ်၍နားထောင်ခြင်းကိုမပြုလုပ်မိအောင် သတိပြုသင့်သည်ဟုဆိုပါသည်။ ထိုကဲ့သို့သောအနေအထားမျိုးတွင် လက်နှစ်ဘက်ကိုဘေးချ၍ ရင်ကိုဖွင့်ကာမတ်မတ်ထားရင်း သေချာစွာ ဂရုတစိုက်နှင့် နားစိုက်ထောင်နေသည့်ဟန်မျိုးကိုထားရှိသင့်သည်ဟုဆိုပါသည်။နောက်တစ်ခုမှာ လက်ပိုက်ရပ်ခြင်း။ဂျပန်လူမျိုးတို့၏ လက်ပိုက်ခြင်းအယူအဆမှာအနည်းငယ်ထူးခြားပါသည်။လက်ပိုက်ခြင်းသည် …တစုံတရာကိုအမိန့်ပေးစေခိုင်းသည့်ဟန်၊ မာန်မာနရှိသည့်အသွင်သဏ္ဍာန်အဖြစ်သတ်မှတ်ကြခြင်းကြောင့် ဂျပန်လူမျိုးများနှင့်ဆက်ဆံသည့်အခါ လက်ပိုက်၍စကားပြောဆိုခြင်း၊ နားထောင်ခြင်းတို့ကို မပြုလုပ်မိစေရန် သတိပြုသင့်ပါသည်။(မြန်မာနိုင်ငံမှစာသငိကျောင်းများကို ရောက်ခဲ့ဖူးသောဂျပန်လူမျိုးများ၏ပြောပုံအရ စစချင်းကတော့ရုတ်တရက်တအံ့တသြဖြစ်သွားမိရပါသည်တဲ့။)
                      ထို့ကြောင့်လက်နှစ်ဘက်ကိုခန္ဓာကိုယ်အရှေ့ဘက်တွင် ထားခြင်းသည်သာအမှန်ကန်ဆုံး Business Manner ဟုဆိုသည့်အခါ မည်သို့မည်ပုံထားကြရမည်နည်း။ ဂျပန်လူမျိုးများသည်ပင်လျှင်ဘယ်လက်ကို ညာလက်အပေါ်ကထားကြရမည်လား ညာလက်ကိုဘယ်လက်အပေါ်ကထားရမည်လား သေချာ သတ်မှတ်မထားသော ကုမ္ပဏီအလုပ်ခွင်များရှိကြသည်ဟုဆိုပါသည်။သို့သော်အရှင်းဆုံးပြောကြသည်က ဧည့်သည်ကိုတစ်ခုခုပြုလုပ်ပေးရန် အသင့်စောင့်ဆိုင်းနေရသည့်အခြေအနေမျိုးဆိုပါကညာလက်ကိုအပေါ်ဘက်မှာထား၍ မတ်မတ်ရပ်နေခြင်းသည် အကောင်းဆုံးကိုယ်ဟန်ဖြစ်သည်။သည်လိုမှမဟုတ်လျှင်တော့ ညာလက်အပေါ်မှာဘယ်လက်ကိုထားခြင်းသည် မှန်ကန်သော Business Manner ဟုဆိုကြပါသည်။
Mioka Ei Ei Chaw (TIME STUDY Magazine)

ဂျပန်လုပ်ငန်းခွင်မှ သိမှတ်ဖွယ်ရာများ (၁)

                  ဂျပန်လူမျိုးများသည် လုပ်ငန်းလုပ်ကိုင်ရာတွင် စည်းစနစ်ကျန၍ သေသေချာချာလုပ်ကိုင်ခြင်းအား နှစ်သက်ကြသူများဖြစ်သည်။ ထို့အတူ စာအုပ်ကြီးအတိုင်းလုပ်တတ်ကြသည့် လူမျိုးဟု သတ်မှတ်ခံရခြင်းနှင့်လျော်ညီစွာ လုပ်ငန်းခွင်အတွင်း အမျိုးမျိုးသော စည်းကမ်းသတ်မှတ်ချက်များကိုလည်းထားရှိကြပါသည်။ ထိုအချက်များထဲမှ အများအားဖြင့် သိထားသင့်သည့်အချက်အချို့အား ရွေးချယ်ကောက်နှုတ်၍ ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
(၁) ဂျပန်နိုင်ငံရှိ ရုံးသုံးစာရွက်ဆိုဒ်မှာ A4 ဆိုဒ် ဖြစ်ပါသည်။
အထူးသတိပြုရမည့်အချက်မှာ မှတ်ပုံတင်ကတ်၊  ပတ်စ်ပို့ စသည်တို့အား ကော်ပီကူးရာတွင် သူ့ဆိုဒ်အတိုင်းလေးဆိုပြီး A5 ဆိုဒ်စသည်ဖြင့် စက္ကူ ချွေွတာလိုခြင်းကြောင့်ဖြစ်စေ ကူးပြီးမပေးလိုက်မိစေရန် သတိပြုပါ။
(၂) ဂျပန်ရှိ ရုံးလုပ်ငန်းဆိုင်ရာ လျှောက်လွှာဖောင်များတွင်
ရေးသားဖြည့်သွင်းသည့်အခါမျိုးတွေမှာ မှင်အနက်ကိုသာ အများအားဖြင့် သုံးလေ့ရှိကြပါသည်။ ထို့ကြောင့် မိမိအိတ်ထောင်ထဲတွင် မှင်အနက်တစ်ချောင်းအမြဲဆောင်ထားပါက အဆင်ပြေပါသည်။
(၃) ဂျပန်လုပ်ငန်းခွင်များတွင် မိမိအထက်အရာရှိမှခေါ်လိုက်ပြီဆိုလျှင် ရေးမှတ်စရာတစ်ခုခုနှင့်ဘော့ပင်ကို အမြဲယူဆောင်သွားပါ။ လက်ချည်းသက်သက်နှင့် အမှုမဲ့အမှတ်မဲ့အမှတ်အသားမရှိသည့် အနေအထားမျိုးကို ဂျပန်လူမျိုးများမနှစ်သက်ကြပါ။
Mioka Ei Ei Chaw
TIME STUDY လုပ်ငန်းခွင်ရေးရာကဏ္ဍ